တကယ်လို့များ သူက ကောင်းကင်ပြာ ဆိုရင် ကျွန်မက သူနှင့် မျက်နှာချင်းဆိုင်ရှိနေတဲ့ ပင်လယ်ပြာဖြစ်ပါရစေ …။
ကျွန်မနဲ့သူ စတင်ခင်မင်ဖြစ်ခဲ့ပုံက
နဲနဲလေးမှ ရင်ခုန်ချင်စရာမကောင်းပါ။ကျွန်မ သူ့ကို မမြင်ဖူးပေမယ့် နာမည်ကို
ရင်းနှီးခဲ့သည်။ အပြင်မှာ တွေ့တော့ သူသည် အလွန်ခင်စရာကောင်းပြီး
ချစ်စရာကောင်းသော လူတစ်ယောက်ဆိုတာသိလာရသည်။တွေ့တွေ့ချင်းပဲကျွန်မ
သူ့အပြုံးတွေကို နှစ်သက်ခဲ့သည်။ နောက်ပိုင်း ရင်းနှီးလာပြီး
တစ်ယောက်နဲ့တစ်ယောက် သတိမထားမိပဲ အနဲငယ် စိုးမိုးချယ်လှယ် မိကြ၏။ ကျွန်မက
ဘယ်သူ့စကားမှ နားထောင်တတ်သူမဟုတ်။ သူ့စကားကိုတော့ ကျေကျေနပ်နပ်ပင်
နားထောင်ချင်၏။ အဲ့လိုအခါမျိုးတွင် ကျွန်မ ထက် အသက်ကြီးသောကြောင့်ဟု
ကိုယ့်ကိုယ်ကို ဆင်ခြင်ပေးမိသည်။
သူ့တွင် အလွန်ချစ်ရသော ချစ်သူရှိမှန်း
သူနဲ့အပြင်မှာ မတွေ့ခင်ထဲက ကျွန်မသိသည်။ သို့ပေမယ့် တစထက်တစ သူ့အပေါ်တွယ်တာ
မိသောစိတ်ကို ကျွန်မ မထိန်းနိုင်ခဲ့ပါ။ ကျွန်မစိတ်ခံစားချက်များကို
ရိပ်မိတော့ သူ ကျွန်မကို ရှောင်ခဲ့သည်။ ဘာကြောင့်မှန်းမသိ ကျွန်မစိတ်ထဲတွင်
သူလည်းကျွန်မကို ခံစားချက်တခုခုရှိမည်ဟု ထင်ခဲ့မိသည်။ သူ့ကိုလည်း
အပြစ်မတင်ရက်ပါ။ သူ့မှာ ယာက်ျားကောင်းပီသဖို့ အတွက် သူထိန်းသိမ်းသင့်တာပဲ။
သူ့ဘက်က ရှောင်ပြီဆိုမှ ကျွန်မကလဲ နောက်ဆုတ်ဖို့ ကြိုးစားခဲ့သည်။
ဘယ်လိုပဲ ကြိုးစား ကြိုးစား သူ့အကြောင်း
သူ့သူငယ်ချင်းတစ်ယောက်ယောက်က လာပြောရင် ကျွန်မ မနေနိုင်ပဲ သူ့ကို
ဆက်သွယ်ခဲ့သည်။ သူသည် မှတ်မှတ်ရရ ကျွန်မကို မတ်စိတခါပဲ စ ပို့ဖူးသည်။
ကျွန်မ ထိုမတ်စိကို save ထားခဲ့သည်။ သူနှင့်ပတ်သတ်လျှင် အသေးစိတ်ကအစ
ကျွန်မရူးသွပ်မိသည်။ ကျွန်မ သူ့အကြောင်းတွေးမိလျှင် လမ်းသွားရင်း ၊
ထမင်းစားရင်း ၊ ရထားစီးရင်း ၊ အလုပ်လုပ်ရင်း မျက်ရည်ကျမိသည်။ သူ့ကို
လွတ်လွတ်လပ်လပ် လွမ်းခွင့်မရသောဘ၀ကို စိတ်နာသည်။ တကယ်လို့များ သူသာ
ကျွန်မလို ထပ်တူခံစားနေရမည်ဆိုလျှင် … အို ကျွန်မ ၀မ်းနည်းလိုက်တာ။
သူ့သူငယ်ချင်းတစ်ယောက်ကပြောသည်။
သူလဲကျွန်မအပေါ် စိတ်ပါခဲ့လိမ့်မည်တဲ့ မဖြစ်သင့်လို့ နောက်ဆုတ်သွားသည်တဲ့။
ဒါ အမှန်တရားလား … မဟုတ်ပါစေနဲ့လဲ ဆုတောင်းမိသည် ဟုတ်ပါစေလို့လဲ
ဆုတောင်းမိသည်။ ကျွန်မ ရူးတော့မလားမသိပါ။ သူကတော့ ကျွန်မကို အရူးလိုပဲ လို့
ခဏခဏပြောတတ်သည်။ေ-ာက်မြင်ကတ်လိုက်တာလို့လဲ အမြဲပြောတတ်သည်။ တခါတလေ
ကျွန်မကို စိုက်ကြည့်တတ်တဲ့ သူ့အကြည့်တွေကို ကျွန်မ
အဓိပ္ပာယ်ကောက်လွဲခဲ့သည်လား။
သူအရက်သောက်နေသည်ဆို၍ ဟိုရက်က ကျွန်မ
သူ့ဆီဖုန်းဆက်မိသည်။ ကျွန်မအိမ်ဖုန်းနှင့်ဆက်ခဲ့သော်လည်း သူက
မှတ်ဥာဏ်ကောင်းလွန်းစွာ ကျွန်မအသံကို မှတ်မိနေသည်။ သူက ပြောသည် သူ့ကြောင့်
လူတစ်ယောက် ဒုက္ခရောက်မှာကို မလိုလားဘူးတဲ့။ အဲ့လူက ထိုဒုက္ခတွေကို
ချိုမြိန်ဒုက္ခလို့ သတ်မှတ်နေရင်ရော ဟု သူ့ကို ကျွန်မ မမေးခဲ့ပါ။ ကျွန်မကို
ကလေးလေးပဲ ရှိသေးတယ် ဘာမှမသိဘူး လို့လဲ သူပြောခဲ့သည်။
ကျွန်မနှင့်ပင်ဘယ်ဘေးမှာ ၂ ယောက်တူတူထိုင်းရင်း စကားတွေပြောချင်သည် ဟုလဲ
သူဝန်ခံခဲ့သည်။ သူ့ကို ကျွန်မနားမလည်ဘူး လို့လဲ ပြောပြန်သည်။ ဟုတ်သည် ။
ကျွန်မ သူ့ကို နားမလည်နိုင်ပါ။
သူက သူ့ရင်ထဲက ခံစားချက်များကို
သိုဝှက်လွန်းသည်။ အခုချိန်မှာ ဆုတစ်ဆုတောင်းပါဆိုလျှင် သူ့ဆီက
ရိုးသားပွင့်လင်းစွာ ၀န်ခံသောစကားများကြားခွင့်ရပါရစေဟု ဆုတောင်းချင်ပါသည်။
နောက်ဆုံး ဖုန်းပြောခဲ့ရသောနေ့တွင် သူက ကျွန်မကို ကောင်းကျိုးမပေးတဲ့သူ
လို့ပြောခဲ့သည်။ သူ့ရင်ထဲက တကယ်နှစ်နှစ်ကာကာ ပြောခဲ့သည်ဟု ယူဆပြီး ကျွန်မ
သူနဲ့ဝေးဝေးနေဖို့ မဆက်သွယ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့ကို
ကျွန်မစိတ်မဆိုးရက်ခဲ့ပါ။ ကျွန်မအတွက် သူနှင့်တွေ့ဆုံခွင့်ရသော
ကံကြမ္မာကိုပဲ ကြံဖန်ပြီး ကျေးဇူးတင်ပါသည်။ သူ့ချစ်သူနှင့် ဘ၀ခရီးလမ်း
အဆင်ပြေနိုင်စေဖို့ ကျွန်မ စိတ်ရင်းနှင့် ဆုတောင်းပေးမိပါသည်။
သူ့ကို ချစ်ခဲ့မိတဲ့အတွက်လည်း ဘယ်တော့မှ
နောင်တမရမိပါ။ ဒီစာကို သူဖတ်ဖို့ တမင်ရည်ရွယ်ပြီး ရေးခဲ့ပါသည်။ အကယ်၍သာ
သူဖတ်မိပါက အရူးကလဲရူးလိုက်တာ လို့ ပြောလိမ့်မည်။ ဒါမှမဟုတ် သူ
မဲ့ပြုံးပြုံးပြီး လှောင်နေနိုင်သည်။ နောက်ဆုံးအနေနဲ့ တခါလောက်ပဲဖြစ်ဖြစ်
သူ့အပြုံး သူ့စကားသံ သူ့အကြည့်တွေကို မြင်ချင်ကြားချင်ပါသေးသည်။ လူဆိုသော
သတ္တ၀ါကလဲ အခက်သားလား မဖြစ်နိုင်တာကို ပိုတမ်းတ ပိုလိုချင်တတ်တော့လည်းးးးး
…။
ကျွန်မ အပြာရောင်ကို
အလွန်ကြိုက်သည်။ ထို့ကြောင့် ပင်လယ်နှင့်ကောင်းကင်ကို ကျွန်မချစ်သည်။
သူနှင့်ကျွန်မ ပင်လယ်နှင့်ကောင်းကင်လို ဘယ်တော့မှ ဆုံတွေ့ခွင့် မရှိလဲ
တစ်ယောက်နှင့်တစ်ယောက် မြင်တွေ့ခွင့်တော့ ရနိုင်နေသည်မဟုတ်ပါလား…။
By: fwifaung
Date: Dec 2, 2010
ဒီပိုစ့်လေးကို တင်ပေးရခြင်ကတော့ ကျတော်လည်း ဒါလေးကို ဖတ်မိပြီ ချစ်တဲ့သူတွေ၏ စိတ်ကိုနားလည်မိတဲ့အတွက်ပါ.....
အားလုံးပဲ စိတ်ချမ်းသာ ပျော်ရွင်နိုင်ကြပါစေ....